Events
အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ ပဉ္စမအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “အုန်းလက်မှုပညာ သင်တန်း” ကျင်းပပြီးစီးခြင်း။
Updated At: 2023-12-13 17:32:00
အက်ခ်မက်-ကိုရီးယားစီမံကိန်းပူးပေါင်း ဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း” မှ ပဉ္စမအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “အုန်းလက်မှုပညာသင်တန်း” ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းတွင် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ် လုပ်ရောင်းချသူများအသင်းမှ ကျွမ်းကျင်ပညာရှင်များက အုန်းခွံနှင့် စွန့်ပစ်အုန်းခွံများမှ စျေးကွက်ဝင်အုန်းလက်မှုပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် ထုတ်ကုန်နှင့်သင့်တော်သော အုန်းမှုတ်ခွံရွေးချယ်ခြင်း၊ အုန်းခွံပေါ်တွင် မိမိနှစ်သက်ရာဒီဇိုင်းကို ပုံဖော်ရေးဆွဲခြင်းနှင့် ဖြတ်တောက်ခြင်း၊ အကြမ်းထည်ပုံဖော်ခြင်း၊ အပ်ဖောက်စက်များအသုံးပြု၍ အလှဆင်ပုံဖော်ခြင်း၊ အချောကိုင်ပွတ်တိုက်ခြင်း၊ အရောင်တင်ခြင်းနှင့် အခြောက်ခံခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်တန်းသားများအား စက်ကိရိယာများအသုံးပြု၍ လက်တွေ့ပြုလုပ်လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ထို့အပြင် ဒီဇိုင်းပုံများရေးဆွဲနိုင်ရန်အတွက် အခြေခံပန်းချီပညာရပ်ကိုလည်း သင်ကြားပို့ချပေးခဲ့ပါသည်။
သင်တန်းကာလအတွင်း သင်တန်းသားများသည် ဘုရားမီးအိမ်၊ မီးပန်းဆိုင်း၊ ခန်းဆီး လိုက်ကာများ၊ ဆွဲကြိုး၊ သော့ချိတ်၊ နားဆွဲများကို လက်တွေ့ပြုလုပ်ခဲ့ကြပြီး ဘုရားမီးအိမ်၊ မီးပန်းဆိုင်းများအတွက် လျှပ်စစ်မီးတပ်ဆင်ခြင်းကိုလည်း လက်တွေ့လေ့ကျင့် သင်ကြားခဲ့ကြပါသည်။
သင်တန်းနောက်ဆုံးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ပြီး သင်တန်းတွင် ပြုလုပ်ပြီးစီးခဲ့သည့် အုန်းလက်မှုပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့


Event Details
- Date
- 11 December 2023
- Location
- Pathein Township, Ayeyarwady Region
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026